ကာဗွန်အခွန် (Carbon Tax) ဆိုသည်မှာ ဖွံ့ဖြိုးပြီးနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ တွင် လူမှုဝန်းကျင်၊ သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတုကို ထိခိုက်စေသည့် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓါတ်ငွေ့ (CO2) ထုတ်လွှတ်သည့်စက်ရုံ၊ အလုပ်ရုံများကို စည်းကြပ်ကောက်ခံသည့်အခွန်ဖြစ်ပြီး ယခုအခါ EU အနေဖြင့် ကုန်သွယ်မှုများ၌ သွင်းကုန်များအပေါ် စည်းကြပ်ကောက်ခံရန် အဆိုပြုဆွေးနွေးလျက် ရှိသည့်အပေါ် နိုင်ငံတကာကုန်သွယ်ရေးဥပဒေအရာရှိတစ်ဦးဖြစ်သည့် Miriam Gonzalez Durantez ဆိုသူက “EU Carbon Tax hurts Poorer States” ခေါင်းစဉ်ဖြင့် သတင်းဆောင်းပါး တစ်ရပ်အား Bangkok Post သတင်းမီဒီယာ၏ Website ၌ ဖော်ပြထားပါသည်။
၂၀၂၁ ခုနှစ်၊ ဇူလိုင်လတွင် European Commission (EU) သည် မည်သည့်အာဏာပိုင် အဖွဲ့အစည်းမှ ကြိုးပမ်းမှုမရှိသည့်အရေးကိစ္စ ဖြစ်သော ကုန်သွယ်မှုမူဝါဒ (Trade Policy) မှ ရာသီဥတုမူဝါဒ (Climate Policy) သို့ စည်းနှောင်ရန် လုပ်ဆောင်ခဲ့ပြီး ၎င်းသည် ၂၀၃၀ ပြည့်နှစ် မတိုင်မီ သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတုကို ထိခိုက်ပြောင်းလဲစေသော ဖန်လုံအိမ်ဓါတ်ငွေ့ ထုတ်လွှတ်မှု (Greenhouse-gas Emission) များအား ၅၅% ထက်မနည်းဖြတ် တောက်လျှော့ချ ရေးရည်မှန်းချက်ကို ပြည့်မီစေရန် နိုင်ငံတွင်းနှင့် နိုင်ငံနယ်နမိတ်ထက် ကျော်လွန်၍ ဓါတ်ငွေ့ထုတ်လွှတ်မှုကို လျှော့ချနိုင်ရန်လိုအပ်မည်ဟု ဆိုထားပါသည် ။
အစည်းအဝေး၌ ကာဗွန်နယ်နမိတ်ကိုက်ညှိမှုလုပ်ထုံးလုပ်နည်း (Carbon Border Adjustment Mechanism-CBAM) ပါဝင်သော သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတုကို ထိခိုက်ပြောင်းလဲ စေသည့် အပူဓါတ်ငွေ့လျော့ချမှုသတ်မှတ်ချက် (Emission-Reduction Target) အား အခြားနိုင်ငံ များစွာလည်း ပါဝင်လာ၍ ရာသီဥတုပြောင်းလဲလာမှုကို ကိုင်တွယ်ဖြေရှင်းရန် သွင်းကုန်အခွန် (Import Tax)အား ပြောင်းလဲစည်းကြပ်ကောက်ခံသွားမည့်ပုံစံတစ်ရပ်ကို ရည်ရွယ်အဆိုပြုခဲ့ ပါသည်။ CBAM သည် EU ဈေးကွက်တွင် ရောင်းချရန် တင်သွင်းသည့်ကုန်စည်များအား ကာဗွန်ဒိုင်အောက် ဆိုဒ်ပါရှိသည့်အကြောင်းအရာများအပေါ် အခြေခံ၍ ကောက်ခံသွားမည်ဖြစ်ပြီး ၎င်းတို့အသုံးပြုသည့်ကုန်ကြမ်းပစ္စည်းများနှင့် စွမ်းအင် သုံးစွဲမှုများအပေါ် မူတည်နေပါသည် ။
အဆိုပြုထားသည့် ကာဗွန်အခွန်စည်းကြပ်ကောက်ခံမှုသည် သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတုကို ထိခိုက်ပြောင်းလဲစေသည့် အပူဓါတ်ငွေ့ထုတ်လွှတ်မှုဆိုင်ရာပြဋ္ဌာန်းချက်များကို တင်းကျပ်စွာ လိုက်နာမှုမရှိသော အဖွဲ့ဝင်မဟုတ်သည့်နိုင်ငံများမှ ကာဗွန်ယိုစိမ့်မှု (Carbon Leakage)ကို ဖြေရှင်းရန်ရည်ရွယ်ပါသည်။ ဆိုလိုသည်မှာ EU အနေဖြင့် နိုင်ငံခြားကုန်စည်များ၏ ရာသီဥတုဆိုင်ရာ အကျိုးသက်ရောက်မှုများကို မသိကျိုးကျွန်ပြုနေတော့မည်မဟုတ်ဟုဆိုပါသည်။ အဆိုပါလုပ်ဆောင်မှုသည် သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတုကို ထိခိုက်ပြောင်းလဲစေသည့် အပူဓါတ်ငွေ့ထုတ်လွှတ်မှုလျော့ချရန် ကူညီပေးသကဲ့သို့ EU အခြေစိုက်စီးပွားရေးလုပ်ငန်းများ၏ ယှဉ်ပြိုင်မှုအဆင့်အတန်းနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများကို အထိနာစေသည့်ဆုံးရှုံးမှုများဖြစ်ပေါ်စေသော ပြည်တွင်းလုပ်ငန်းများကို ကုန်သွယ်မှုအကာ အကွယ်ပေးရေးတို့ကိုလည်းလျော့ကျစေမည် ဖြစ်ပါသည်။
CBAM အနေဖြင့် သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတုကို ထိခိုက်ပြောင်းလဲစေသည့် အပူဓါတ်ငွေ့ ယိုစိမ့်မှုအများဆုံးဖြစ်စေသော အပူဓါတ်ငွေ့အမြင့်ဆုံးထုတ်လွှတ်သော စီးပွားရေးလုပ်ငန်းနယ်ပယ်များကို စတင်၍ စည်းကြပ်ကောက်ခံသွားမည်ဖြစ်ပြီး ၎င်းတို့မှာ သံ (Iron) နှင့် စတီး (Steel)၊ ဘိလပ်မြေ (Cement)၊ မြေဩဇာ (Fertilizer)၊ အလူမီနီယံ (Aluminium) နှင့် လျှပ်စစ်ပစ္စည်း (Electricity Generation) တို့ဖြစ်ကြကာ အခြားလုပ်ငန်းနယ်ပယ်များကိုလည်း လာမည့်နှစ်များတွင် တိုးချဲ့၍ စည်းကြပ်ကောက်ခံ သွားနိုင်ချေရှိပါသည်။ လက်ရှိတွင် အဆိုပါ လုပ်ငန်းနယ်ပယ် များတွင် ဥရောပဖြစ်ကုန်ပစ္စည်းများကို ပြည်တွင်းကာဗွန်ဈေးနှုန်းသတ် မှတ်ချက်ဖြင့် အခွန်စည်းကြပ်ကောက်ခံလျက်ရှိပြီး ပြင်ပမှအကျိုးတူပူးပေါင်းလုပ်ဆောင်သည့် နိုင်ငံများမှ စည်းကြပ်ကောက်ခံခြင်း မရှိသေးပါ။ ပြည်တွင်းကာဗွန်ဈေးနှုန်း သတ်မှတ်ချက်ရှိသည့်နိုင်ငံဖြစ်ပါက Border Tax စည်းကြပ်ကောက်ခံမှုသည်လျော့ကျ(သို့မဟုတ်)ကင်းလွတ်နိုင်မည်ဖြစ်ပြီး ထိုသို့မဟုတ်ပါက အပြည့်အဝပေးဆောင်ရမည်ဖြစ်ပါသည်။
EU မှ စည်းကြပ်ကောက်ခံမည့် အဆိုပါအခွန်အား လာမည့် ၄ နှစ်အတွင်း အဆင့်ဆင့် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ၂၀၂၆ ခုနှစ်အထိ စည်းကြပ်ကောက်ခံ ခြင်း မပြုသေးသော်လည်း သွင်းကုန်လုပ်ငန်းရှင်(Importer)များအနေဖြင့် တင်သွင်းမည့် ကုန်စည်ပါ သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတုကို ထိခိုက်ပြောင်းလဲစေသည့်အပူဓါတ်ငွေ့ ထုတ်လွှတ်သော ကုန်ပစ္စည်းများကို ၂၀၂၃ ခုနှစ်မတိုင်မီ အစီရင်ခံတင်ပြရန် လိုအပ်ပါသည်။
CBAM အနေဖြင့် နှစ်စဉ်အခွန်ရငွေ ယူရို ၁ ဘီလီယံရရှိမည်ဟု ခန့်မှန်းထားပြီး နိုင်ငံတကာ အခြေစိုက်စီးပွားရေးလုပ်ငန်းစုကြီးများကို စည်းကြပ်ကောက်ခံသွားမည်ဖြစ်ကာ ၂၀၂၃-၂၀၃၀ အတွင်း EU Emissions Trading System မှ နှစ်စဉ်အခွန်ရငွေ ယူရို ၉ ဘီလီယံရ ရှိနိုင်မည်ဟု ခန့်မှန်းထားပါသည်၊ အဆိုပါအခွန်ရငွေသည် EU ၏ ယူရို ၇၅၀ ဘီလီယံကိုဗစ်-၁၉ ပြန်လည် ထူထောင်ရေးရန်ပုံငွေကို အထောက်အပံ့ပြုနိုင်မည်ဖြစ်ပါသည်။
လက်ရှိအချိန်တွင် အဆိုပါ ကာဗွန်အခွန်စည်းကြပ်ကောက်ခံခြင်းအား အတည်မပြုသေးသော်လည်း အဆိုပါအရေးကိစ္စသည် EU ၏ ကုန်သွယ်မှုမိတ်ဖက်များဖြစ်သည့်နိုင်ငံများမှ Policymaker များနှင့် ကုမ္ပဏီကြီးများ၏ စီးပွားရေးလုပ်ငန်း၊ကုန်သွယ်မှုဆိုင်ရာဆုံးဖြတ်ချက်များကိုများစွာ လွှမ်းမိုးလျက်ရှိပါသည်။ ဥပမာအားဖြင့် တူရကီနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံများသည် နိုင်ငံ၏စီးပွားရေးအား CBAM ၏ အကျိုးသက်ရောက်မှုကို လျော့ချနိုင်ရန် ကာဗွန်အခွန်စည်းကြပ် ကောက်ခံမှုကို စတင်မိတ်ဆက်ရန်အတွက် စီမံချက်များချမှတ်လုပ် ဆောင်လျက်ရှိပါသည်။ တူရကီနိုင်ငံ၏ ပို့ကုန် ၄၁% သည် EU သို့ တင်ပို့ခြင်းဖြစ်၍ ပိုမိုထိတွေ့ခံစားရဖွယ်ရှိပါသည်။ အင်ဒိုနီးရှားနိုင်ငံသည်လည်း ယူရိုဘီလီယံများစွာတန်ဖိုးရှိ စားအုန်းဆီနှင့် ဓာတုပစ္စည်းများစွာ EU သို့ တင်ပို့လျက်ရှိသည့်အတွက် ကာဗွန်အခွန်ဆိုင်ရာ နယ်စပ်ဖြတ်ကျော်ကောက်ခံမှု (Broader Border Tax) အနေဖြင့် စည်းကြပ်ကောက်ခံရနိုင်ဖွယ်ရှိပါသည်။
ပြည်တွင်းကာဗွန်စျေးနှုန်းသတ်မှတ်ချက်တစ်ရပ် အစပျိုးထားမှသာ CBAM ၏ ကာဗွန်အခွန် စည်းကြပ်ကောက်ခံခြင်းကို တစ်စိတ်တစ်ပိုင်း (သို့မဟုတ်) အားလုံးကို ရှောင်ကွင်းဖယ်ရှားနိုင် သွားမည်ဖြစ်ပါသည်။ အဆိုပါအရွေ့သည် EU ၏ စီးပွားရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အောင်မြင်မှုရရှိစေနိုင်မည်ဖြစ်ပြီး ထို့အပြင် လက်ရှိရုရှား-ယူကရိန်းဖြစ်စဉ်ကြောင့် EU အနေဖြင့် ရုရှားနိုင်ငံမှ သံနှင့် စတီးဆိုင် ရာစွမ်းအင်သုံးသွင်းကုန်များမှီခိုနေရမှုကို လျော့ချခြင်းဖြင့် စီးပွားရေးဆိုင်ရာ ၎င်းကိုယ်တိုင်လုံလုံလောက်လောက်ကြီးထွားလာစေရန် အဆိုပါလုပ်ငန်းစဉ်ကို အရှိန်မြှင့်၍ တွန်းအားပေးလုပ်ဆောင်သွား ဖွယ်ရှိပါသည်။
သို့သော် ကုန်ထုတ်လုပ်မှုကို မှီခိုအားထားရသောဖွံ့ဖြိုးဆဲနိုင်ငံများမှ စီးပွားရေးလုပ်ငန်းများ EU သို့ ရွေ့ပြောင်းခြင်းများကို ဖြစ်ပေါ်စေနိုင်ပါသည်။ သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတုကို ထိခိုက် ပြောင်းလဲစေသည့် ကာဗွန်ယိုစိမ့်မှုကို ကိုင်တွယ်ဖြေရှင်းခြင်းထက် ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် ၎င်းတို့ကိုယ်တိုင် သဘာဝပတ်ဝန်းကျင်ပြောင်း လဲမှုကာကွယ်ရေးဆိုင်ရာကြိုးပမ်းဆောင်ရွက် စေခြင်းဖြင့် ချန်လှပ်ထားခဲ့သင့်ပါသည်။ EU အနေဖြင့် ဒုတိယတန်းစားနိုင်ငံများအတွက် သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတုထိခိုက်ပြောင်းလဲမှုကာကွယ် ရေးကြိုးပမ်းလုပ်ဆောင်မှု (Green Transition) မြန်ဆန်စေရေးအား ကူညီပေးရန် CBAM မှ အဆိုပြုထားသည့်အခွန်စည်းကြပ် ကောက်ခံရရှိမှုအပိုင်းကို ခွဲဝေသတ်မှတ်ပေးသင့်ပါသည်။ဘိလပ်မြေနှင့် စတီးကဲ့သို့သော စွမ်းအင်လွန်ကဲသည့်ကုန်စည်များအား ကာဗွန်ကင်းမဲ့စေရန်မှာ မလွယ်ကူနိုင်ပါ။
EU အနေဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများအား ဆိုးဝါးစွာထိခိုက်စေမည့်အချက်များကို ကာကွယ်လုပ်ဆောင်သင့်ပါသည်။ EU အနေဖြင့် ဝင်ငွေနည်းနိုင်ငံများအနေဖြင့် ၎င်းတို့ကိုယ်တိုင် ကာဗွန်အခွန်အား စတင်စည်းကြပ်ကောက်ခံမှုကို စောင့်ဆိုင်းပေးသင့်သည်သာမက ၎င်းတို့၏ သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတုကို ထိခိုက်ပြောင်းလဲ စေသည့်အပူဓါတ်ငွေ့ထုတ်လွှတ်မှုများ လျော့ချနိုင်စေရေးလိုအပ်ချက်ကို ကူညီထောက်ပံ့ပေးသင့်ပါသည်။
CBAMအနေဖြင့် ကုန်ထုတ်စက်မှုလုပ်ငန်းစဉ်များ၏ အရည်အသွေးတိုးမြှင့်လာစေရန် အရင်းအမြစ်များနှင့်နည်းပညာများမြှုပ်နှံလုပ်ဆောင်ပေးခြင်း၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် စီမံကိန်းများအား ငွေကြေးအရင်းအနှီးထောက်ပံ့ပေးခြင်းနှင့် ဒုတိယတန်းစားနိုင်ငံများအား ဖြေလျော့ကင်းလွတ်ခွင့်ပေးခြင်း အစရှိသည်တို့ဖြင့် ထိုကဲ့သို့သော အထောက်အပံ့များကို ပေးအပ်သင့်ပါသည်။
EU အနေဖြင့် သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတုပြောင်းလဲမှုကို မထိခိုက်စေသည့်နည်းပညာသုံး ဗီယက်နမ်နိုင်ငံရှိ ဘိလပ်မြေထုတ်လုပ်မှု သို့မဟုတ် အင်ဒိုနီးရှားနိုင်ငံရှိ ဓာတုပစ္စည်းထုတ်လုပ်မှု ကဲ့သို့သော ဥပမာများကို လေ့လာ၍ ပိုမိုကောင်းမွန်သည့်နည်းပညာများအား ဖွံ့ဖြိုးဆဲနိုင်ငံများ အသုံးပြုလာစေရန် CBAM ၏ အခွန်ကောက် ခံရရှိမှုမှ ကူညီလုပ်ဆောင်ပေးခြင်းဖြင့် ရေရှည်တွင် သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတုကို ထိခိုက်ပြောင်းလဲစေသည့် အပူဓါတ်ငွေ့ ထုတ်လွှတ်မှုကို လျော့ကျလာစေမည်ဖြစ်ပါသည်။
ဥရောပအနေဖြင့် သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတုကို ထိခိုက်ပြောင်းလဲစေသည့် အပူဓါတ်ငွေ့ ထုတ်လွှတ်မှုလုံးဝကင်းစင်ရေးဆိုင်ရာအပြောင်းအလဲအားလုပ်ဆောင်သူများအကြား ၎င်းတို့သည် ကမ္ဘာလုံးဆိုင်ရာ ဦးဆောင်သူအဖြစ်ထင်မြင်နေပါသည်။ ကမ္ဘာ့သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ လုပ်ဆောင်မှုဖွံ့ဖြိုးတိုးတက်စေရန် ငွေကြေးအရင်းအနှီးကူညီပေးခြင်းဖြင့် ၎င်းတို့၏ ကိုယ်ပိုင်ရာသီဥတုပြောင်းလဲမှုကာကွယ်ရေးအစီအစဉ်ကို ခြိမ်းခြောက်မှုအား လျှော့ချစေနိုင်သည်ဟု ဖော်ပြပါရှိပါသည်။
ပြည့်ဖြိုးအောင်
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန
Bangkok Post